ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် စည်ပင်သာယာရေး အဖွဲ့လုပ်ငန်းများနှင့် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် မြို့အဝင်ဆိုင်းဘုတ်များ၊ မြေယာရှုခင်းများနှင့် ကန်သုံးဆင့်ပန်းခြံတို့အား အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေများကို ဧပြီလ ၃ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အဝင် “ရိုးသားကြိုးစား ဧရာဝတီသား” ဆိုင်းဘုတ်အနီး မြေယာရှုခင်းများ အဆင့်မြှင့်တင်‌ရေးနှင့် လျှပ်စစ်မီးသွယ်တန်းနိုင်‌ရေး၊ ပုသိမ်မြို့အဝင် မုခ်ဦးတည်ဆောက်နိုင်ရေး၊ မြို့အဝင် ဆိုင်းဘုတ်နှင့် မြေယာရှုခင်းများ အဆင့်မြှင့်တင်နိုင်ရေး၊ ရွှေရုပ်တုအဝိုင်း အဆင့်မြှင့်တင် နိုင်ရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်သုံးဆင့်ပန်းခြံအား ကြည့်ရှုစစ်ဆေးခဲ့ရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကန်သုံးဆင့်ပန်းခြံအား ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ ယခုဘဏ္ဍာနှစ်တွင် ပန်းခြံအဝင်လမ်းခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ပန်းခြံအတွင်း လမ်းမီးထွန်းခြင်းလုပ်ငန်း၊ ပန်းခြံအတွင်း ဘလောက်အုတ် လျှောက်လမ်းပြုလုပ်မည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေ အနားယူနိုင်ရေးအတွက် စိန်ပန်း၊ ကံ့ကော်၊ ခရေ၊ ငုဝါ အစရှိသည့် အရိပ်ရပင်များနှင့် အလှပန်းပင်များ ထပ်မံစိုက်ပျိုးရေး၊ သစ်ကိုင်းခြောက်များ ခုတ်ထွင် ရှင်းလင်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ဦးစီးမှူးရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ပြည်သူများအား အသက်(၁၀)နှစ်မှ (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းနှင့် UID ရိုက်ကူးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သွေးအမျိုးအစားခွဲခြင်း၊ e-ID စစ်ဆေးခြင်း၊ ရှေ့ပြေးလျှောက်လွှာဖြည့်သွင်းခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှု့အားပေးခဲ့ကာ ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်များနှင့် UID ကတ်များ ပေးအပ်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အစိုးရသစ်ကာလ ရက် (၁၀၀) အတွင်း "လမင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ရပ်ကွက်၊ ကျေးရွားများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းဖွင့်ရာသီတွင်လည်း အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ(၁)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)