ထားဝယ် မေ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သူနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်းများနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းများလုပ်ငန်းများဆောင်ရွက်သည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးသက်စိုးနှင့်မြို့နယ်ဦးစီးမှူးဦးအောင်သူ တို့က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ သိသင့် သိထိုက်သောအချက်များ၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေး၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များအကြောင်း၊ ကျောက်မော်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် ဦးမင်းနိုင်၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးမောင်စိန်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)