နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် သဘာဝဘေးနှင့် မီးဘေးအန္တရာယ်တို့၌ စွမ်းစွမ်းတမံကာကွယ်တားဆီး ကူညီဆောင်ရွက်သူများအားဂုဏ်ပြု  

မြိတ် မေ  ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို သဘာဝဘေးနှင့် မီးဘေးအန္တရာယ်မှ စွမ်းစွမ်းတမံ ကာကွယ်တားဆီး ကူညီဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ဝင်များနှင့် မီးသတ်စခန်းများအား မေလ(၅)ရက် နံနက်ပိုင်းက မြိတ်ခရိုင် မီးသတ်စခန်းခန်းမတွင် ကျင်းပသည့် နှစ်(၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ရာတွင် မြိတ်မြို့နယ်အတွင်း မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အရန်မီးသတ်စခန်းများ၊ မီးဘေးလုံခြုံရေးလုပ်ငန်းများ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ခဲ့သော အရန်မီးသတ်တပ်ရင်းများ၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အားကြိုးမာန်တက်၊ ရဲဝံ့စွန့်စားစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့သူများအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ မီးဘေးလုံခြုံရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ အားကြိုးမာန်တက်၊ ရဲဝံ့စွန့်စားစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့သူများနှင့် ထူးချွန်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းများနှင့် အရန်မီးသတ်တပ်ရင်း(၄)ရင်းအား တူညီဝတ်စုံ (၅၀)စုံစီကို မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)