သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်လှစ်

သရက်ချောင်း မေ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို မေလ ၅ ရက်နေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့၊ ကျောက်မြောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးရာသီတွင် မိုးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသရေမြေနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ စိုက်ပျိုးရေကို စနစ်တကျစီမံခန့်ခွဲသုံးစွဲတတ်စေရေး၊ စိုက်ပျိုးရေးနည်းစနစ်များကို လိုက်နာကျင့်သုံးဆောင်ရွက်စေရေးနှင့် သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနည်းလမ်းများကို ရှင်းလင်းဆွေးနွေးသင်ကြားခဲ့ပါသည်။

အဆိုပါသင်တန်းသို့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျောက်မြောင်း၊ မော်ရှည်ကုန်း၊ ဆင်ကူးကျေးရွာမှ တောင်သူ ၃၆ ဦး တက်ရောက်ခဲ့ကြောင်း အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အတွင်း စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)