ထားဝယ်မြို့၌ သံချည်သံကွေးလုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ထားဝယ် ဧပြီ

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံချည်သံကွေးလုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ Polytechnic University (Dawei)၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့၊လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာဝင်းအောင်ကမြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုဘေးကင်း လုံခြုံစွာဖြင့် ဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာများက ကျောင်း၏ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားလေ့ကျင့်ပေးသွားမှာ ဖြစ်သောကြောင့် စနစ်တကျလိုက်နာသင်ယူသွားကြရန်လိုအပ်ကြောင်း၊ သင်တန်းသားများ၏အတတ်ပညာပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး သံချည်သံကွေးလုပ်သားအတွက် အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းများ၊ အဆောက်အဦတည်ဆောက်ခြင်းဆိုင်ရာ အခြေခံဗဟုသုတများ၊ သံချည်သံကွေးလုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၏ အခေါ်အဝေါ်များနှင့် အဆင့်သတ်မှတ်ချက်များကိုသိရှိပြီး ကိုင်တွယ်အသုံးချနိုင်စေရန်ရည်ရွယ် သောကြောင့် သင်တန်းတွင်စိတ်ပါဝင်စားစွာလေ့လာသွားကြရန်လိုအပ်ကြောင်း၊ သင်တန်းသားများ အနေဖြင့်နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရည်ရွယ်ချက်၊ စေတနာကို သိရှိနားလည်ပြီး သင်တန်းကပို့ချပေးလိုက်မည့်သက်မွေး ပညာရပ်ဆိုင်ရာများကို ကျွမ်းကျင်အောင် ကြိုးစားလေ့လာ သင်ယူကြရန်လိုအပ်ကြောင်း၊ လက်တွေ့လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ကြံ့ခိုင်ကောင်းမွန်၍ ဘေးကင်းလုံခြုံမှုရှိသော အဆောက်အဦများဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးက အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းခန်းမအတွင်း၌ သင်ကြားနေသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုသည်။

သင်တန်းတွင် တိုင်းဒေသကြီးအတွင်း၌ရှိသော သင်တန်းသားဆောက်လုပ်ရေးလုပ်သားများနှင့် ဝန်ထမ်းများ စုစုပေါင်း ၄၀ ဦးအား တာဝန်ရှိသူများက ရက်သတ္တပတ် ၄ ပတ်ကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)