မြိတ်မြို့တွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂)သင်တန်းဖွင့်လှစ်

မြိတ်   မေ  

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေး အထောက်အကူပြုအတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက် မြင့်မားစေရေးအတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းကို မေလ ၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သည်။

သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ်(၂၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတို့သမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံ သင်ခန်းစာများ၊ အဆင့်မြင့် သင်ခန်းစာများ သင်ကြားပေးမည်ဖြစ်သည်။

ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေး၍  ပြည်ထောင်စုစိတ်ဓါတ် ဘာသာရပ်သင်ခန်းစာများနှင့် အဆင့်မြင့် ယဉ်ကျေးမှု ဘာသာရပ်များကိုလည်း သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကို မြိတ်မြို့နယ်မှ(၁၃)ဦး၊ ကျွန်းစုမြို့နယ်မှ()ဦးနှင့် တနင်္သာရီမြို့နယ်မှ()ဦး၊ ပလောက်မြို့မှ (၁)ဦးနှင့် ဘုတ်ပြင်းမြို့နယ်မှ(၃)ဦး စုစုပေါင်း သင်တန်းသူအမျိုးသမီးငယ်(၂၅)ဦး တက်ရောက်ခဲ့ကြသည်။    

သင်တန်းကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ပေးသည်။ သင်တန်းဖွင့်ပွဲအပြီးတွင်  သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ သင်တန်းတက်ရောက်ကြသည့် သင်တန်းသူတစ်ဦးချင်းစီကို သင်တန်းကျောင်းမှ ပိတ်စ၊ သိုးမွှေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်း (၃၈)မျိုးကို ထောက်ပံ့ပေးပြီး စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများနှင့် အသွားအပြန် ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးကြောင်း သင်တန်းကျောင်းမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)