နတ်မောက် မေ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်း၍ စာရေဆရာခင်စောတင့်ရေးသားသည့် ”စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာဖတ်သည့်အလေ့အကျင့်များ လက်ဆင့်ကမ်းနိုင်ရန်၊ စာဖတ်သူအချင်းချင်း ရင်းနှီးမှုရှိစေရန်၊ လူမှုရေးကိစ္စများတွင် တစ်ဖက်တစ်လမ်းမှပံ့ပိုးနိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ထဲမှ ”ရွေ့လျားစက်လှေကားပေါ်မှ သူ စိမ်း” ခေါင်းစဥ်ပါ အကြောင်းအရာများကို ဖတ်ပြရှင်းလင်းရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူ Book Club အသင်းဝင်များကလည်း မိမိတို့၏အတွေးအမြင်အသိများကိုပြန်လည်ဆွေးနွေးခဲ့ကြသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ Book Club အသင်းဝင်များဖြင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လှဝင်း