ဘားအံ မေ ၄
မေလ(၅)ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေး လှူဒါန်းပွဲကို မေ ၂ ရက် နံနက်ပိုင်းက ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၊ ရောဂါဗေဒဌာန၊သွေးလှူဘဏ်၌ ကျင်းပသည်။
သွေးလှူဒါန်းပွဲတွင် ပြည်နယ်မီးသတ်တပ်ဖွဲ့မှူးဦးကျော်ကျော်ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦး စုစုပေါင်း မီးသတ်တပ်ဖွဲ့ဝင် ၆၁ ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း နှင့်အဖွဲ့ဝင်များက သွေးလှူဒါန်းကြမည့်တပ်ဖွဲ့ဝင်များအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးနေမှု၊ သွေးများလှူဒါန်းနေမှုတို့ကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်အစားအစာများချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)နှင့်အမှတ်(၇)ရပ်ကွက်ရှိ စောစံစီဖိုးလမ်း အား ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၉၅၅ ဒသမ ၄ သန်းဖြင့် လမ်းဘေးဝဲယာနှစ်ဘက် ကျောက်စီရေမြောင်းပလက်ဖောင်း ပေ ၄၅၆၀ ပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးများသည့် ဒေသဖြစ်သည့်အတွက် မြို့ရွာရပ်ကွက်များအတွင်း ရေဝင်ရောက်မှုလျော့နည်းသက်သာစေရေး၊ ရေစီးရေလာကောင်း မွန်စေရေးအတွက် စနစ်တကျတွက်ချက်ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)