ဟင်္သာတ ဇန်နဝါရီ ၁၅
ဟင်္သာတမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော် က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များအသစ် ပြန်လည်ရွေးချယ် ဆောင်ရွက်သွားနိုင်ရေးအတွက် ရှင်းလင်းတင်ပြကာ မြို့နယ်ဒုတိယဦးစီးမှူးဒေါ်အေးမွန်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ၊ နည်းဥပဒေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
ဟင်္သာတမြို့နယ်အတွင်း၌ ရပ်ကွက်(၃၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀၁) အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ အသစ် ရွေးချယ်ရေးလုပ်ငန်းစဉ်၌ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် မြို့နယ်ကြီးကြပ်ရေး အဖွဲ့အား ဇုန်(၁၂)ဇုန် ခွဲခြားသတ်မှတ်၍ ဇုန်အလိုက် ရပ်ကွက်/ ကျေးရွာအုပ်စုများကိုလည်း ဖွဲ့စည်းဆောင်ရွက် ထားပြီးဖြစ် ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)