လှိုင်းဘွဲမြို့နယ် ကော့လှိုင်းကျေးရွာ၌ တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ

ဘားအံ မေ ၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးသီးနှံများအထွက်နှုန်းတိုးတက်ရရှိရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၄ ရက် နံနက်ပိုင်း က ကော့လှိုင်းကျေးရွာအုပ်စု၊ ကော့လှိုင်းကျေးရွာ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်းရေးအတွက် နွေထယ်ရေးလှန်ခြင်း၏ အကျိုးကျေးဇူးများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ မိုးသီးနှံအထွက်နှုန်း တိုးတက်ရေးအသိပညာပေးဆွေးနွေးဟောပြောပွဲများကို ကျင်းပသည်။

အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးဟောပြောပွဲသို့ ကော့လှိုင်းကျေးရွာ၊ မရမ်းအူကွင်းနှင့် မရမ်းအူကုန်း ကျေးရွာများမှ တောင်သူ ၄၅ ဦးတက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စူပါဘိုကာရှီသဘာဝမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသပြီး တောင်သူများအား အသင့်သုံးအီးအမ်နှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်များ ကို အခမဲ့ဖြန့်ဝေပေးသည်။

လှိုင်းဘွဲမြို့နယ်တွင် သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် နွေထယ်ရေးလှန်ခြင်း ဧက တစ်သိန်း ၊ ပိုက်ဆံလျှော်ကြဲပက်စိုက်ပျိုးခြင်း ဧက ၈၀၀၊ ထုံးထည့်ခြင်း ဧက ၄၀၀၀၀၊ စူပါဘိုကာရှိမြေဆွေးထည့်သွင်းခြင်း ဧက ၈၀၀၀၊ သဘာဝမြေဆွေးထည့်သွင်းခြင်း ဧက ၁၅၀၀ ခန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)