ကော့သောင်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၉) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကော့သောင်း မေ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကော့သောင်းမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ သင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားရှိသည့် ဇာထိုး၊ပန်းထိုးနှင့်အိမ်တွင်းအလှပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုသည်။

အဆိုပါသင်တန်းအား နယ်စပ်ဒေသရှိငယ်ရွယ်သူ အမျိုးသမီးလေးများ အသက်မွေးဝမ်းကျောင်းပညာအဖြစ်  ကိုယ်ပိုင်စီးပွားရေးအဆင့်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး အကျင့်စာရိတ္တကောင်းမွန်စွာဖြင့်ရေရှည် ဘဝရပ်တည်မှုရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့နိုင်ရေး ရည်ရွယ်ကာ နိုင်ငံတော်မှစဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ရာအပ်ချုပ်ပညာ၊လက်မှုပညာ၊ ခေတ်မီမော်တာစက်ချုပ်နည်းအပါအဝင် စက်ချုပ်ပညာကို အဓိကထား၍ စက်ချုပ်၊ ဇာထိုး ပန်းထိုး၊လက်မှုအတတ်ပညာများ၊ မုန့်မျိုးစုံနှင့်အချက်အပြုတ်ပညာရပ်များကို  သင်တန်းကာလ(၂၂)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)