တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး လျှပ်စစ်နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၃/၂၀၂၆) သင်တန်းဖွင့်ပွဲ တက်ရောက်

ထားဝယ် မေ ၄

နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ထားဝယ်)၏ လျှပ်စစ်နှင့်ဂဟေသင်တန်းအမှတ်စဉ် (၁၃/၂၀၂၆)သင်တန်းဖွင့်ပွဲကို မေ ၄ ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သောပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် အဓိကမူဝါဒ(၄)ရပ်ချမှတ်ပြီးနှစ်ရှည်၊ နှစ်လတ်စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအတွင်းမြိတ်မြို့နှင့်ကော့သောင်းမြို့တို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း(၂)ကျောင်း၊ ထားဝယ်မြို့၌နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(၁)ကျောင်းတို့ကိုဖွင့်လှစ်၍ လူငယ်များအား အသက်မွေးမှုပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများထူထောင်နိုင်ရန်၊ ရေနက်ဆိပ်ကမ်းများစက်မှုဇုန်များပေါ်ထွန်းလာသည့်အခါ ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန်၊ စားဝတ်နေရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နိုင်ငံတော်အနေဖြင့် ပညာရေး၊ကျန်းမာရေး၊သက်မွေးပညာသင်တန်းများ တစ်နိုင်ငံလုံးလွှမ်းခြုံအောင်ဆောင်ရွက်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့်သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့်ဒေသခံများ အလုပ်အကိုင်ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြမည့်သင်တန်းသားများအနေဖြင့် နိုင်ငံတော်၏ အချိန်နှင့်ငွေတန်ဖိုးများစွာ အကုန်အကျခံကာ ဆောင်ရွက်ပေးသည့် ရည်ရွယ်ချက်နှင့်စေတနာကို နားလည်တုန့်ပြန်သောအားဖြင့် သင်တန်းကာလပြီးဆုံးသည် အထိတက်ရောက်သင်ယူကြရန်၊ စက်မှု လက်မှုအတတ် ပညာများကိုစနစ်တကျကျွမ်းကျင်တတ်မြောက်သည်အထိ မခြွင်းမချန်လေ့ကျင့်သင်ကြားပေးရန် လိုအပ်သည်များကို နွေးထွေးစွာဖြင့်ကူညီစောင့်ရှောက်ပေးရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  သင်တန်းသားအိပ်ဆောင်အား ကြည့်ရှုစစ်ဆေးသည်။

သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား(၂၀)အား လျှပ်စစ်နှင့် ဂဟေဘာသာရပ်တို့ကို လေ့ကျင့်သင်ကြား ပေးသွားမှာဖြစ်ပြီး လျှပ်စစ်သင်တန်းတွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် Air-con ပြုပြင်ခြင်း ပညာရပ်များ၊ ဂဟေသင်တန်းတွင်လျှပ်စစ်ဂဟေ၊ ဓာတ်ငွေ့ဂဟေပညာရပ်များကို အခြေခံပညာရပ်များသာမက တတ်ကျွမ်းသည့်အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့/လက်တွေ့လေ့ကျင့်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)