တောင်တွင်းကြီး မေ ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကုသိုလ်ပြုလုပ်ငန်းများအဖြစ် ဘုရားရေသပ္ပါယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ညနေ(၄)နာရီအချိန်က တောင်တွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက်ရှိ ရွှေမော်ဓောပရိယတ္တိစာသင်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သည့် ရွှေမော်ဓောစေတီတော် ဘုရားပရိဝုဏ်အတွင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်(၁၀)ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများအဖြစ် ရွှေမော်ဓောစေတီတော် ပရိဝုဏ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများအားရေသပ္ပါယ်ခြင်း၊ ဘုရားပရိဝုဏ်အတွင်း ပေါင်းမြက်၊ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများနှင့် ရွှေမော်ဓောပရိယတ္တိ စာသင်ကျောင်းတိုက်အတွင်း ဆရာတော်သံဃာတော်များအသုံးပြုသည့် ကုဋီ(အိမ်သာ)သန့်ရှင်းရေးပြုလုပ်ခြင်းလုပ်ငန်းများကို ကုသိုလ်ပြု ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ခဲ့ကြသည်။
နောင်နောင် (ဗိဿနိုးမြေ)