ကျောက်တံခါးမြို့နယ်တွင် မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ကျောက်တံခါး မေ ၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှအသက်(၁)ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရာတွင်မွေးကင်းစမှအသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက်ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယိုအကြောရောဂါကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း ကလေးအာဟာရဖွံ့ဖြိုးရေးအတွက်၊ အသိပညာပေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)