ပဲခူး မေ ၄
ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်တွင် မေလ ၄ ရက်နေ့နံနက်ပိုင်းက (၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့်တပ်ဖွဲ့ဝင်များအား ဆန်၊ ကြက်ဥ၊ မုန့်၊ အားဆေး၊ အချိုရည်နှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ သွေးလှူရှင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။
(၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ရာတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစောထွန်းဦးဆောင်၍ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးများနှင့် မီးသတ်နယ်မြေစခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း(၁၂၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းနှင့် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် တပ်ဖွဲ့ဝင်များ ကံစိမ်းမဲနှိုက်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုင်စင်ပါမော်တော်ဆိုင်ကယ်(၃)စီး ထပ်မံချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် KG နှင့် Grade 1 သင်ပြနည်းစနစ် နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းမှ သင်တန်းသား ဆရာ/ဆရာမ (၁၅၆)ဦး၊ KG to Grade 5 အင်္ဂလိပ်စာ စွမ်းရည်မြှင့်သင်တန်းမှ သင်တန်းသား ဆရာ/ဆရာမ(၁၀၀)ဦးတို့အား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး သင်တန်းသား ဆရာ/ဆရာမများနှင့် နည်းပြများအတွက် သီးခြားချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ဖွင့်လှစ်လျက်ရှိသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်း (၃)မှ သင်တန်းသား ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအတွက် အဆိုပါစာသင်ကျောင်း၌ လူမျိုးဘာသာမရွေး စားသုံးနိုင်ရေး ထမင်းချက်ကျွေးခြင်း အစီအစဉ်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)