ပေါက်ခေါင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ရွှေရတုခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါက်ခေါင်း မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့်ဝန်ထမ်းများမှ အစိုးရသစ် ရက်(၁၀၀) စီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့်၊ လဲလှယ်၊ မိတ္တူ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ UID Unique Identity ကောက်ယူခြင်းများနှင့် သဘာဝဘေး၊ စစ်ဘေးအန္တရာယ်ကြောင့် အထောက်အထား မပြည့်စုံံသူများအား (၅)ဦးကော်မတီဖြင့်စီစစ်၍ ပြုလုပ်ပေးရန် စီစဥ်ဆောင်ရွက်ခြင်းတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးသန်းထူးအောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်စွာလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်ဦးနှင့် (၅)ဦး ကော်မတီဌာနဆိုင်ရာ ဝန်ထမ်းများ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး (၂၉.၄.၂၀၂၆) ရက်နေ့တွင် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၀)ဦးအား ပြည်သူတစ်ဦးချင်းစီ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)