မကွေး ဧပြီ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မကွေးမြို့ရှိ သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်း အမှတ်အဖြစ် နှစ်စဉ်ရိုးရာမပျက် ညောင်ရေသွန်းပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့မြသလွန် စေတီတော် ဘုရားရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မြသလွန်ဘုရား ရင်ပြင်တော်ပေါ်၌ ဘုရားရှင် (၁)ပါး ၊ သံဃာတော် (၉၈)ပါး၊ သီလရှင် (၂၅)ပါး စုစုပေါင်း (၁၂၄) ပါးအား ဆွမ်းဆန်စိမ်းများလောင်း လှူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းလောင်း လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်း လောင်းခြင်းနှင့်အန္တရာယ်ကင်း ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်တာဝန်ရှိသူများက အခမ်အနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်၍ မကွေးမြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင် တော်အား ကဆုန်ညောင်ရေသွန်းလောင်း၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အသီးသီးမှကိုယ်စားပြု ညောင်ရေသွန်းလောင်းမည့်အဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများကတစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအလိုက်စနစ်တကျ လာရောက်ကာ မဟာဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။
ထို့နောက် ဝတ်ရွတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်းပဌာန်တရားတော်များကို ရွတ်ဖတ်ပူဇော်ကာ၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါညောင်ရေသွန်းလောင်းသည့်အဖွဲ့များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဘုရားဖူးလာပြည်သူများအား အချိုရည်၊ မုန့်နှင့် စားသောက်ဖွယ်ရာမုန့်များကို ကုသိုလ်ဒါနပြု လှူဒါန်းခဲ့ကြောင်းနှင့် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အခါသမယတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသူ လူနာများနှင့် မိသားစုဝင်လူနာစောင့်များအား အာဟာရဒါနကျွေးမွေးခြင်းအဖြစ်၊ ဆေးရုံတက် လူနာများနှင့် မိသားစုဝင်လူနာစောင့်များ၊ စုစုပေါင်း (၃၀၀) ကျော်တို့အား အာဟာရ စားသောက်ဖွယ်ရာ ထမင်းဘူးများနှင့် သောက်ရေသန့်များကို ပေးဝေလှူဒါန်းမှု ပြုခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)