မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မကွေး မေ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ဇီဝိတဒါနငါးလွှတ်ခြင်း၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မကွေးမြို့တွင် ဇီဝိတဒါနငါးလွှတ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီမြစ်ကမ်းနံဘေး၌ ကျင်းပပြုလုပ်ရာ  ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများက တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တောင်တွင်းကြီးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့မှ ငါးသားပေါက်စခန်းများတွင် မွေးမြူထားသော ရွှေဝါငါးသားပေါက်ကောင်ရေ (၅)သောင်းအား ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန(အဘယဒါန) ကုသိုလ်ရယူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအနေဖြင့် မကွေးမြို့ ကံ့ကော်တစ်ထောင် ဘုရားပရိဝုဏ်အတွင်း တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်ဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မီးသတ်တပ်ဖွဲ့ဝင်အင်အား (၂၀၀)ခန့်ဖြင့် စုပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် မီးသတ်တပ်ဖွဲ့ဝင် သွေးအလှူရှင် (၁၈၀)ဦးတို့က စုပေါင်း၍ ဂုဏ်ပြုသွေးလှူဒါန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ သွေးလှူရှင်တပ်ဖွဲ့ဝင်များကို အားဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)