မုံရွာ မေ ၃
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန္ဓေ/ အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို မေလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ရာ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဆရာဝန်ကြီးများက စုပေါင်း သွေးလှူဒါန်းနေကြသည့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှပေးအပ်သည့် အာဟာရဖြည့်စွက်စာများအား ပေးအပ်ခဲ့ကြသည်။
အလားတူ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက အဆိုပါ ဆေးရုံဝန်းကြီးအတွင်း ခြင်များပေါက်ဖွားနိုင်သည့်နေရာများ၊ ရေနှုတ်မြောင်းများနှင့် သစ်ပင်ခြုံနွယ်များအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)