ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကော့ကရိတ်မြို့ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး

ဘားအံ မေ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလအတွင်း၌ လက်နက်ကိုင်သောင်းကြမ်း သူများအဖွဲ့မှ မြို့အတွင်းသို့ဝင်နေထိုင်ပြီး သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဌာနဆိုင်ရာနိုင်ငံ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာနေရာဒသများသို့ သွားရောက်နေထိုင်ခဲ့ရကြောင်း သိရသည်။

ယခုအခါနယ်မြေဒေသတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ မိမိတို့ဒေသမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့ပြန်လည် ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းနှင့်အဖွဲ့ဝင်များဖြစ်သည့် ပြည်နယ်လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကော့ကရိတ်မြို့သို့သွားရောက်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စနစ်တကျမြန်ဆန်ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မီးရှို့ဖျက်ဆီးခံခဲ့ရမှု အခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းနှင့် မိမိတို့၏ပြည်နယ်ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ ဦးစီဌာနများမှ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခြင်းနှင့် အဆောက်အဦ ပျက်ဆီးဆုံးရှုံးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဝန်ထမ်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်မျာသည် ဒေါနခန်းမ၌ကျင်းပသည့် ကော့ကရိတ်မြို့ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးသည်။

ဦးစွာကော့ကရိတ်မြို့ ပြန်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေး ရာ ဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက အမှာစကားပြောကြားရာတွင် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအနေဖြင့် စနစ်တကျ မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့သာယာလှပစေရေး အတွက် သန့်ရှင်းရေးလုပ်ငန်းများ၊ လျှပ်စစ်မီး၊ သောက်သုံးရေများရရှိရေး ဈေးဆိုင်များစည်ကားစွာ ပြန်ဖွင့်လှစ်ရောင်းချနိုင်စေရေး၊ ဆေးရုံ၊ ဆေးပေးခန်းများ ဖွင့်လှစ်ပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရေးနှင့် အခြေခံပညာကျောင်းများ အားလုံးပြန်လည်ဖွင့်လှစ်ပြီး သင်ကြားမှုပေးနိုင်စေရေးအတွက် ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း‌ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်စေရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက်ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးတို့က မိမိတို့၏ကဏ္ဍများအလိုက် စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖ များမှ အကြံပြုဆွေးနွေးညှိနှိုင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့၏ဦးစီးဌာများအလိုက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီမံဆောင်ရွက်လျက်သည့်အခြေအနေများအား ဆွေးနွေးတင်ပြ ပြောကြားပြီး ကော့ကရိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌမှ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့်အခြေနေများအားရှင်းလင်းတင်ပြကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား (၁၀) မျိုး၊ (၁၀)ပေါင် စိုက်ပျိုးနိုင်ရေးအတွက် ဟင်းသီး ဟင်းရွက်သီးနှံမျိုးစေ့များအား ထောက်ပံ့ပေးအပ်သည်။

ယင်းနောက်ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတာဝန် ရှိသူများသည် မြို့မကျောင်းကြီး ဆရာတော်ဘဒ္ဒန္တစိန္တိတအား သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှုဒါန်းပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)