ပြင်စလူမြို့၌ မင်္ဂလာသိဒ္ဓိ ကိုးနဝင်းစေတီတော် အသစ်ပြန်လည်တည်ထားကိုးကွယ်ခြင်းနှင့် ထီးတော်တင်လှူပူဇော်

ပြင်စလူ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မင်္ဂလာသိဒ္ဓိ ကိုးနဝင်းစေတီတော်အား အသစ်ပြန်လည်တည်ထားခြင်းနှင့် ထီးတော်သစ် တင်လှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစေတီတော်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ပြင်စလူမြို့ဟောင်းတွင် ကျန်ရှိနေခဲ့သော အရန်စေတီကို ခြုံငုံ၍ အသစ်တစ်ဖန် ပြန်လည်ပြင်ဆင်မွမ်းမံနိုင်ရန်အတွက် ​မင်္ဂလာသိဒ္ဓိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာနန္ဒာထံမှ ဩဝါဒခံယူခြင်း၊ ပြင်စလူမြို့ ​မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်၊ မြို့စခန်းမှူး ရဲအုပ်နိုင်လင်း၊ ဒေါ်ဝင်းဝင်းမော် (ရန်ကုန်) တို့၏ ဦးဆောင်မှုနှင့်​ဒေသခံ မိဘပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုတို့ဖြင့် ဆောင်ရွက် ခဲ့သည်။

အခမ်းအနားတွင် အလှူရှင် မိသားစုဝင်များနှင့် ဒေသခံ မိဘပြည်သူများ ရွှေထီးတော်မြတ်အား စေတီတော်အထွဋ်သို့ စည်ကားသိုက်မြိုက်စွာ တင်လှူပူဇော်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များကစေတီတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင် လှူ ပူဇော်ခဲ့ကြသည်။

ထို့နောက် ကြွရောက်လာကြသော သံဃာတော်များထံမှ ငါးပါးသီလနှင့် အနုမောဒနာ တရားတော်များ နာယူကာ၊  ကွယ်လွန်ခဲ့ရသူ အပေါင်းတို့အား ရည်စူး၍ “သာဓု” အကြိမ်ကြိမ် ခေါ်ဆိုလျက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ပြင်စလူ (ပြန်/ဆက်)