ဘားအံ မေ ၃
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၎င်းထုတ်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်းတွင် အမှန်တကယ်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ (အခွန်လွတ်) တောင်သူလယ်သမားဈေးကို ဖွင့်လှစ်ရောင်းချခဲ့သည်။
အဆိုပါတောင်သူလယ်သမားဈေးတွင် သန့်ရှင်းလတ်ဆက်၍ အာဟာရပြည့်ဝသော ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည် အစရှိသော ဒေသထွက် မွေးမြူရေးထုတ်ကုန် အရောင်းဆိုင်ခန်းများ၊ ကန်စွန်းရွက်၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်း၊ ခရမ်းချဉ်၊ ချဉ်ပေါင်၊ ဗူးသီး၊ အာလူး၊ ဖရုံသီး အစရှိသော ဒေသထွက် ဟင်းသီးဟင်းရွက် (စားဖိုဆောင်သီးနှံ) အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းအရောင်း ဆိုင်ခန်းပေါင်း (၃၀)ကျော်ဖြင့် အရည်အသွေးပြည့်ဝ၍ ဘေးဥပါဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံ တိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက် ကုန်ဈေးနှုန်းတည်ငြိမ် လျော့နည်းကျဆင်းစေကာ ဒေသခံစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေမည်ဖြစ်သည်။
ထိုသို့ တောင်သူလယ်သမားဈေးတွင် အမှန်တကယ်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများမှ အများပြည်သူသို့ သက်သာသောနှုန်းထားဖြင့် တိုက်ရိုက်ရောင်းချပေးနေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါတောင်သူလယ်သမားဈေးကို လစဉ်ပထမအပတ်၏ စနေနေ့တွင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က နောင်လာမည့်အပတ်တွင် ဈေးဆိုင်ခန်းများ ပိုမိုတိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက် ပိုမိုတိုးတက်ရောင်းချနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ဘားအံတက္ကသိုလ် အင်ကြင်းဆောင်ရှေ့၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်က ကြီးမှူးဖွင့်လှစ်သော ဘားအံရေကြောင်းလူငယ်စခန်း၏ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း စစ်ရေးပြလေ့ကျင့်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး အဆိုပါသင်တန်းတွင် အခြေခံရေကြောင်းလူငယ်သင်တန်း (၁၀၀)ဦး၊ တန်းမြင့်ရေကြောင်းလူငယ်သင်တန်း (၂၀)ဦးတို့က စာသင်ကြားခြင်းနှင့် စစ်ရေးပြကို ဘားအံတက္ကသိုလ်တွင်လည်းကောင်း၊ လက်တွေ့ရေကူးလေ့ကျင့်ခြင်းကို ဇွဲကပင်ရေကူးကန်၌လည်းကောင်း၊ လှေလှော်ခြင်းနှင့် ရွက်လွှင့်ခြင်းကို ကန်သာယာတွင်လည်းကောင်း ဧပြီလ (၂၇)ရက်နေ့မှ မေလ (၁၃)ရက်နေ့အထိ လေ့ကျင့်သင်ကြားသွားကြမည်ဖြစ်ပြီး မေလ (၁၄)ရက်နေ့မှ (၂၈)ရက်နေ့ထိ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော်မြို့များသို့ လေ့လာရေးခရီးသွားရောက်၍ မေလ (၂၉)ရက်နေ့တွင် သင်တန်းဆင်းမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူများအတွက် အားကစားပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)