မကွေး မေ ၃
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ် ကိုင်ဆောင်နိုင်စေရန်အတွက် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူများက အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြင်သာရက်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူများသည် ကွင်းဆင်းဆောင်ရွက်ပေးနေသည့် မကွေးမြို့၊ မြင်သာရက်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများကအစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်အရ မိဘပြည်သူများထံ အရောက်ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ခြင်းများကို ရှင်းလင်းတင်ပြရာ တင်ပြချက်များ အပေါ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတိုင်း အတွက်အရေးကြီးသည့် စာရွက်စာတမ်းတစ်ခုဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ဒေသခံပြည်သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိစေရေးအတွက် ဝန်ထမ်းများအနေဖြင့် စနစ်တကျစိစစ်ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID CARD အချက်အလက်ကတ်ပြားလာရောက်ပြုလုပ်ကြသည့် ဒေသခံပြည်သူများအား UID CARD နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်ပေးအပ်ကာ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း