ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ဟင်္သာတ     မေ       ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းမှ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

 စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းက အဖွင့်အမှာစကားနှင့် ဆေးရုံတွင်တက်ရောက် ကုသလျက်ရှိသော လူနာများ၏ သွေးအမျိုး အစား များအလိုက်လိုအပ်မှုများကိုလည်းကောင်း၊ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ယနေ့စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး နောက် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ်များမှ မြို့နယ်မီးသတ် ဦးစီးမှူးများနှင့် တပ်ဖွဲ့ဝင်များက သွေးအမျိုးအစားများအလိုက် စုစုပေါင်းသွေး ၄၀ ပုလင်းအား လှူဒန်းပေးခဲ့ကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့  ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ  ဦးလှိုင်ထွန်း၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင် အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊  စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများမှ သွေးလှူဒါန်းသူ တပ်ဖွဲ့ဝင် များအား တစ်ဦးလျှင် ကြက်ဥ ၆ လုံး၊ royal-D အအေးဘူး ၁ ဘူး၊ ပဲနို့အအေး ၁ ဘူး၊ ferrovit အားဆေး ၁ ကတ်နှင့် ဂုဏ်ပြုငွေ ၂၀၀၀၀ ကျပ်တို့အား ပြန်လည်ပေးအပ်ခဲ့ကြပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ဖြိုးဝေဝင်းမှ သွေးလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)