ဖျာပုံမြိုနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး JCAODALOAN ဖြင့်သောက် သုံးရေပိုမိုရရှိရေးဆွေးနွေး

ဖျာပုံ   မေ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ရေချိုရေငန်ဒေသဖြစ်ပြီး မြို့နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး JCAODALOAN ဖြင့် သောက်သုံးရေ ပိုမိုရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေပေးဝေရေးဆောင်ရွက်လျက်ရှိသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မိမြို့ဖများ ဆွေးနွေးပွဲကို ယမန်နေ့နေလယ်ပိုင်းအချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ကျင်းပသည်။

အဆိုပါမြို့နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး JCAODALOAN ဖြင့် သောက်သုံးရေပိုမိုရရှိရေးဆွေးနွေးရာတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဇော်လွင်ဦးကအဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်ပပဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ခင်ဝင်းတို့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ JCAODALOAN ဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှုအား ပြည်သူများ ရေအလုံအလောက်ရရှိနိုင်ရန်နှင့် ပတ်သက်၍အသီးသီးဆွေးနွေး ပြောကြားကြသည်။

ထို့နောက် JCAODALOAN ဖြင့်ဆောင်ရွက်နေသော မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ မြို့စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးဇေယျာထက်က မြို့ရေပေးဝေနေမှုအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော မိမြို့၊မိမြို့ဖများ၊ တက်ကြွလှုပ်ရှားလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ JCAODALOAN ဖြင့် သောက်သုံးရေ ပေးဝေနေမှုနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် မြို့နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် JCAODALOAN ဖြင့် မြို့ရေပေးဝေရေးလုပ်ငန်းကို ၂၀၁၆ ခုနှစ်မှစတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စီမံကိန်းပြီးစီးခဲ့ပြီး (၁-၄-၂၀၁၇) ရက်နေ့မှ စတင်၍ ရေးပေးဝေခဲ့ရာ ယနေ့အချိန်တွင် မြို့ပေါ် (၁၉)ရပ်ကွက်ရှိ လူဦးရေ(၄၇,၇၄၅)ဦးရှိသည့် အနက်ရပ်ကွက်(၁၄) ခုရှိလူဦးရေ (၂၃,၈၂၆)ဦးသို့ ရေသွယ်ရေတိုင်(၃,၉၅၇)တိုင်ဖြင့် ရေပေး ဝေလျက်ရှိပြီး မြို့နယ်နေပြည်သူ (၅၀%)ကိုသာ သောက်သုံးရေပေးဝေလျက် ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)