ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကန့်ဘလူ မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလေးငယ်များ၏ အသက်အရွယ်အပိုင်းအခြားအလိုက် ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေး၊ ပိုလီယိုအကြေသေ၊ မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ၊ ဂျိုက်သိုး၊ ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

ထိုသိုထိုးနှံပေးခဲ့ရာ မေ ၁ ရက်မှ ယနေ့ထိ အသက် နှစ်နှစ်အောက်ကလေးငယ် ၂၁၅ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၃၅ ဦးတို့အား ထိုးနှံတိုက်ကျွေးပြီးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)