မြန်အောင် မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မြန်အောင်မြို့နယ်အတွင်းဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း (GDP) နှင့် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို ဒေသဖွံဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက ပြည်သူ့လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ဒေသဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရသစ် ရက်၁၀၀ စီမံချက်များ ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးမင်းသန်း၊ ဦးအောင်မျိုးဦးတို့က လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး နှုတ်ခွန်းဆက်မိတ်ဆက်စကား ပြောကြားသည်။
ယင်းနောက် မြန်အောင်ခရိုင် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းက ပေးအပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လက်ခံရယူခဲ့ကြသည်။
မြန်အောင်မြို့နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ရပ်/ကျေး စာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)