ချောင်းဆုံ ဇန်နဝါရီ ၁၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရေရှားပါးသည့် ကျေးရွာများတွင်ပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိစေရန်အတွက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဏာရေးနှစ် ရန်ပုံငွေဖြင့် မရမ်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း နှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် က မွန်ပြည်နယ် (ကျေး/လက်)ဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင် ၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင် ၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်း မော် ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မရမ်းကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး ပင်လယ်ကမ်းနားနှင့် နီးစပ်သည့်အတွက် ရေငန်ဝင် ရောက်ခြင်းကြောင့် သောက်သုံးရေ အတွက် ရေတွင်းတူးဖော်ရန် အခက်အခဲရှိကြောင်း ယခုလက်ရှိ ရေ သုံးစွဲ ရရှိမှုအခြေအနေမှာ ယခင်လွှတ်တော်ရန်ပုံငွေ၊ မြစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရန်ပုံငွေ၊ CDD စီမံ ကိန်း ရန်ပုံငွေဖြင့် ရေစင်(၄)စင်တည်ဆောက်ခဲ့ပြီး၊ ရေများသိုလှောင်ထားသော်လည်း တစ်ရွာလုံးထိ လွမ်းခြုံမှုမရှိနိုင်သေးကြောင်း၊ ယခုနှစ်ဘတ်ဂျက်ဖြစ် တည်ဆောက်သည့် ရေစင်ပြီးစီးပါက အိမ်ခြေ(၄၀၀) ကျော်ခန့်ကိုရေပေးဝေနိုင်မည်ဖြစ်ပြီးတစ်ရွာလုံး၏ (၁၀၀)ရာခိုင်နှုန်းရေလုံလောက်စွာ သုံးစွဲ နိုင်ရန်အတွက် နောက်ထပ်ရေစင်(၂)စင်လိုအပ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေ က ပြောသည်။
ယခုအခါ မရမ်းကျေးရွာတွင် (၂၀၂၀-၂၀၂၁)ခု ဘဏ္ဏာရေး ဘတ်ဂျက်ရန်ပုံငွေကျပ်သန်းပေါင်း (၁၁ ဒသမ ၁၃၀)ရှိပြီး ID.STAR.G.LTD ကုမ္ပဏီမှ အဝီစိတွင်းနက်တူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ဂါလန်(၂၄၀၀)ဆံ့ ကွန်ကရစ် ရေကန်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၉ ရက်နေ့က စတင်ပြီး တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းပြီးစီးပါက နေအိမ်များသို့ နေအိမ်အရောက်ရေပိုက်သွယ်တန်းနိုင်ရေးနှင့် ရေရှည် လည်ပတ် ပြင်ဆင်ထိန်းသိမ်းနိုင်ရေးအတွက် (ကျေး/လက်)ဌာနမှ ပြန်နယ်/ခရိုင်မြိုနယ် တာဝန်ရှိသူများက ကျေးရွာရှိ ရေကော်မတီများအား ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှာကြား ခဲ့ ကြောင်းမြို့နယ်(ကျေး/လက်)ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)