မကွေး မေ ၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ မကွေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်၊ သိုလှောင်ကန်စခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စက်သုံးဆီများ သယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် သိရှိနားလည်ပြီး စနစ်တကျ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်းနှင့် စက်သုံးဆီသယ်ယာဉ်ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၆) ကို ဧပြီလ ၂၉ ရက်နေ့က မကွေးမြို့ရှိ ထိန်ထိန်သာဟိုတယ်တွင် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။
သင်တန်းတွင် မကွေးတိုင်းဒေသကြီး၊ ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမျိုးမင်းသိန်းက စက်သုံးဆီဆိုင်ဝန်ထမ်းများအတွက် သင်တန်းများ၊ အရောင်းဆိုင်ဖွင့်လှစ်ခွင့်နှင့် စက်သုံးဆီ စနစ်တကျ သုံးစွဲရေးဆိုင်ရာ သင်တန်းများကို စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများက ကြီးကြပ်ဖွင့်လှစ်နေမှုအခြေအနေများ၊ ၂၀၂၆ ခုနှစ်တွင် ဒစ်ဂျစ်တယ်စနစ်အခြေပြု စက်သုံးဆီဖြန့်ဖြူးခြင်းနှင့် အရောင်းဆိုင်ဝန်ထမ်းများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျွမ်းကျင်မှုသင်တန်းများကို အဓိကထား ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်း Petroleum Products. Handling Process (PPHP)မှ သင်တန်းသား ၅၃ ဦး နှင့် စက်သုံးဆီသယ်ယာဉ်ကိုင်တွယ် ထိန်းသိမ်းနည်းသင်တန်း Fuel Bowser Handling Process (FBHP) မှ သင်တန်းသား ၁၆ ဦး စုစုပေါင်း သင်တန်းသား ၆၉ ဦးအား မကွေးတိုင်းဒေသကြီး၊ ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ သင်တန်းနည်းပြများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)