ဘားအံ မေ ၁
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့် အင်အားစုကြီးတစ်ခုဖြစ်သော အလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက အလုပ်သမားဆိုင်ရာလှုပ်ရှားဆောင်ရွက်မှု Video Clip ပြသမှု၊ အလုပ်သမားနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကရင်ဒိုးပတ်ဝိုင်း၏ ဖျော်ဖြေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများ၏ အလုပ်သမားနေ့သီချင်းဖြင့် ကပြဖျော်ဖြေခြင်းတို့ကို အတူတကွ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းဝန်ဆောင်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့ တွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများအား အသီးသီးပေးအပ်ချီးမြှင့်ပြီး အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေကရင်အဖွဲ့၏ ဒိုးပတ်ဝိုင်း၊ အလုပ်သမားနေ့သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး သက်ဆိုင်ရာဦးစီးဌာနများမှ ခင်းကျင်းပြသထားသော အလုပ်သမားနေ့အထိမ်းအမှတ် ပြခန်းမှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလားတူ ဘားအံမြို့၏ ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ဆရာတော် သံဃာတော်၊ သီလရှင်(၂၃၈၀)ပါးအား ပဲဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းကြပြီး ဂေါပကအဖွဲ့များ၊ ဓမ္မစကြာဝတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ ရွှေရင်မျှော်ပြည်တော်ဧစေတီတော် ဂန္ဓကုဋီတိုက်အား လက်ယာယစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ပရိဘောဂစေတီထိုက်သော မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ် ဘားအံမြို့ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ဩဝါဒဆရာတော်ကြီးများက ဦးဆောင်၍ ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်း၊ သီလရှင်ကျောင်း (၁၅)ကျောင်းတို့မှ ဆရာတော် သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်(၂၃၈၀)ပါးအား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်း၊ ပဲဖြူလေးအစရှိသော ပဲအမျိုးမျိုးများကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြပြီး ထိုကဲ့သို့ လောင်းလှူနေမှု အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် လေသာကျောင်းထောင့်ရှိ မဟာဗောဓိပင်အား ရေစင်ရေသန့်များသွန်းလောင်းကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် မြန်မာသက္ကရာဇ် (၁၃၈၈)ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) စတုဒီသာမင်္ဂလာအခမ်းအနား၌ အမှာစကားပြောကြားရာတွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ကဆုန်လပြည့်နေ့တွင်ဖွားမြင်ခဲ့ပြီး၊ ဘုရားဖြစ်တော်မူသောရက်မှာလည်း ကဆုန်လပြည့်နေ့ဖြစ်ပါကြောင်း၊ မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့မှာပင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သောကြောင့် “ ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ” ဆိုသည့်အတိုင်း ကဆုန်လပြည့်နေ့ကို (ဗုဒ္ဓနေ့) ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွဋ်အမြတ်ထားခဲ့ကြောင်း ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော်ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်းပါရှိသောကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ပိုင်း မဟာဗောဓိညောင်ပင်ကို မြတ်စွာဘုရားအား ရည်မှန်းကာ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အမွှေးနံ့သာများဖြင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုကြခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) စတုဒီသာမင်္ဂလာအခမ်းအနားကို မြို့မဘောလုံးကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်များနှင့် စေတနာရှင်ပြည်သူများမှ မဏ္ဍပ်တည်ဆောက်၍ မြန်မာမုန့်အမျိုးမျိုး၊ အချိုရည်၊ စားဖွယ်စုံ၊ အကြော်အမျိုးမျိုးတို့ဖြင့် စတုဒိသာတည်ခင်းဧည့်ခံကျွေးမွေးမှုအား ဘားအံမြို့ရှိ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသများမှ ပြည်သူအပေါင်းတို့က စတုဒိသာလာရောက်သုံးဆောင်နေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့) စတုဒိသာလှူဒါန်းပွဲကို ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)