တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် မေ ၁

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီခွဲက ထားဝယ်မြို့ ကျက်သရေဆောင်လောကမာရ်ဇိန် ဘုရားကြီး၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက  လောကမာရ်ဇိန်ဘုရားကြီးဝင်းအတွင်း ကိန်းဝပ်စံပယ်တော်မူနေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးကပ်လှူပူဇော်ပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)"  အထိမ်းအမှတ်အဖြစ် အလှူတော်ငွေပေးအပ်လှူဒါန်းရာ ဘုရားကြီးဂေါပကအဖွဲ့က လက်ခံရယူသည်။

ထို့နောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို မဟာဗောဓိပင်၌ ကျင်းပရာ တာဝန်ရှိသူများက နတ်ပင့်ဂါထာဖြင့် နတ်ဒေဝတာများကို ပင့်ဆောင်ပြီးမဟာဗောဓိဒုမေ နာထောဂါထာ" ကိုရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီး "ကဆုန်လပြည့်ဗုဒ္ဓနေ့"အကြောင်း စာတမ်းအားလည်းကောင်း၊ မဟာဗောဓိပရိဘောဂ စေတီတော်မြတ်အားညောင်ရေ သွန်းလောင်းပူဇော်ရန် ဂါထာတော်အားလည်းကောင်း ဖတ်ကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက မဟာဗောဓိပင်တော်အား ညောင်ရေသွန်းလောင်း ပူဇော်သည်။

ဆက်လက်၍ ဝတ်အသင်းအဖွဲ့များကသွန်းကြသွန်းကြရွှန်းပညောင်ရေ" ကဗျာသုံးပုဒ်ကိုရွတ်ဆို၍ ဆုတောင်းပတ္ထနာ ပြုပူဇော်ပြီး  နတ်၊ ဗြဟ္မာ၊နဂါး၊ ဂဠုန် အဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များနှင့် ပရိသတ်အားလုံးတို့က ဇယန္တောဗောဓိယာမူလေစသော ဇယမင်္ဂလာ နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆို၍ ဆုတောင်းပတ္ထနာပြု ပူဇော်ကာ တာဝန်ရှိသူတစ်ဦးက နတ်ပို့ဂါထာဖြင့် နတ်ဒေဝတာများကို ပြန်လည်ပို့ဆောင်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု "သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားအား ရုပ်သိမ်းလိုက်သည်။

ထို့နောက် ဒေသခံပြည်သူများက မဟာဗောဓိညောင်ပင်အား ပျော်ရွှင်အေးချမ်းစွာဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ကြပြီး ရပ်ကွက်နေ ဒေသခံပြည်သူများက ညောင်ရေသွန်းလောင်း ပူဇော်ပွဲတော်ကို ရပ်ကွက်များအလိုက် ရပ်ကွက်အတွင်း လှည့်လည်ပူဇော်ခံကာ  ဘုရားကြီးဝင်းအတွင်း ညောင်ရေသွန်းလောင်း ကုသိုလ်ပြုကြသည်။

ဆက်လက်၍ ဘုရားကြီးဝင်းအတွင်း ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများဖြင့်စည်ကားလျက်ရှိပြီး ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲတော်သည် နှစ်စဉ်မပျက် ကျင်းပလာခဲ့သည်မှာ (၈၄) ကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)