မြောင်းမြ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ကြီးကြပ်ရေးအဖွဲ့များသို့ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မြရွှေဝါ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ရပ်ကွက်သို့မဟုတ ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ကျေးရွာတာဝန်ခံများ ရွေးချယ်မည့် လုပ်ငန်းအဆင့်ဆင့်များ၊ ရွေးချယ်မည့်နေ့ရက်ကို ကြိုတင်အသိပေး ဖိတ်ကြားရေးလုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ အခြေခံရမည့် အိမ်ထောင်စုစာရင်းများ၊ အငြင်းပွားမှုဖြေရှင်းခြင်းများ စသည့် ဥပဒေ၊ နည်းဥပဒေများအား Projector ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ လွတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော သတင်းမီဒီယာများ တက်ရောက်ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)