အိမ်မဲ ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကမ္ဘာ့ကြက်ခြေနီနေ့(အကြို) ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိကောင်းစရာဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုဝေထွန်းက အဖွင့်အမှာစကားများနှင့် ကျေးဇူးတင်စကားများကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းယုရွှေက ကြက်ခြေနီ အကြောင်း၊ အခြေခံမူများ၊ လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာဝန်ထမ်းအကျိုး ဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းအစရှိသည့် ကြက်ခြေနီလှုပ်ရှားမှု အကြောင်းအရာများကို Power Point ဖြင့် အကျယ်တဝင့် ဟောပြောပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး နှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ချစ်သက်လယ်