ခန္တီးမြို့၌ ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်သင်တန်းဖွင့်လှစ်

ခန္တီး ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ ရက်(၁၀၀)အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ခန္တီးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခန္တီးမြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇေယျာသွင်က အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်ထွေးက ဒေသအတွင်း ဝက်မွေးမြူရေးပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး အသားထုတ်လုပ်မှုမြင့်တက်လာစေရန်၊ နည်းစနစ်မှန်ကန်စွာ မွေးမြူနိုင်စေရန်၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းဆောင်ရွက်နိုင်စေရန်နှင့် “One Village One Product” ထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းအားပြုလုပ်ရာ ခန္တီးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်ထွေးက ဝက်အမျိုးအစားများ၊ ဝက်မွေးမြူမည့်ခြံနေရာ ရွေးချယ်ခြင်းနှင့် ဝက်ခြံဆောက်လုပ်ခြင်း၊ မျိုးစပ်ခြင်းနှင့် မျိုးပွားဆိုင်ရာအချက်အလက်များ၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် သားဖွားခြင်း၊ ဝက်ကလေး ပြုစုစောင့်ရှောက်ခြင်း၊ အစာနှင့်ရေတိုက်ကျွေးခြင်း၊ ဝက်များတွင် ဖြစ်ပွားတတ်သော ရောဂါများ၊ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာကိစ္စရပ်များစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် သင်တန်းသား/သူများက သိရှိလို‌သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ခန္တီးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ  မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ(၂၈)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ (၅)ရက်တာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

ကမ်းကီး(ပြန်/ဆက်)