ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ  အကျဉ်းသား စုစုပေါင်း (၂၈) ဦး လွှတ်ပေး

မြိတ် ဧပြီ ၃၀

နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား(၂၈)ဦးအား ယနေ့နံနက် (၉) နာရီက လွှတ်ပေးခဲ့သည်။

ထို့သို့လွှတ်ပေးရာတွင် နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက်မှ အကျဉ်းသား (၂၈) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးရာတွင်ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား (၁၃) ဦးအား ဒုတိယခရိုင်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်၊ အကျဉ်းထောင် တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ ထောင်လွတ် လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ လွှတ်ပေးခဲ့ပြီး ကျောက်ဖြူတောင် ကုန်ထုတ်စခန်းမှအကျဉ်းသား (၁၈) ဦးကိုလည်း တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး( ပြန်/ဆက် )