မင်းဘူး ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက် နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက မြို့နယ်အဆင့် ဌာနဆိုင်ရာများထံ စီမံကိန်းရည်မှန်းချက်တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မကွေးတိုင်းဒေသကြီးဘတ်ဂျက် ငွေလုံး ငွေရင်းဘဏ္ဍာရံပုံငွေမှ ခွင့်ပြုငွေများဖြင့် ကျပ်သန်းပေါင်း ၉၅၂၆ ဒသမ ၉၄၉ ကျပ်သန်းဖြင့် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) ရည်မှန်းချက်မှာ ကျပ်သန်းပေါင်း ၃၇၄၉၀၃ ဒသမ၄ ကျပ်သန်း ရရှိရန်နှင့် ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)