ရေကြည် ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေနံနက် (၁၀) နာရီက စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အပတ်စဥ်စုပေါင်းသန့်ရှင်းရေးကို တက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု ဓာတ်မြေသြဇာများ စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က အမှာစကားများ အသီးသီးပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်