တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး‌ ရက်သတ္တပတ်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဧပြီ ၂၉

မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား For Every Generation, Vaccines Work ဆောင်ပုဒ်နှင့်အညီ (၂၀၂၆) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် World Immunization Week (2026) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  မြို့တော်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ဧပြီလ နောက်ဆုံး ရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနား ဆောင်ရွက်ရသည့် အဓိကရည်ရွယ် ချက်အနေဖြင့် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုမှ တားဆီးပေးနိုင်ကြောင်း၊ အသိပညာမြှင့်တင်ရန်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်သောကြောင့် ကမ္ဘာတစ်လွှားကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂) ရပ် ဖြစ်သော “လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းရေးကို ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေကြောင်း၊ ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ခက်ခဲ‌သောဒေသများရှိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများဆောင်ရွက်ရန် အဆင်သင့် ဖြစ်စေရေးအတွက် ကျန်းမာရေးမှူး-၄ များကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းလမ်းညွှန်သင်တန်းကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သင်တန်းပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးမှူး-၄  များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် သားဖွားဆရာမများ လစ်လပ်သောနေရာများနှင့် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သည့် နေရာများတွင် ကာကွယ်ဆေးထိုး ပေးသူများအဖြစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုတိုးတက်လာရန်အတွက် ပြည်သူလူထုက ကာကွယ်ဆေးများ အပေါ်ယုံကြည်အားကိုးမှု ပိုမိုတိုးပွားလာပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေးဟာ မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင် သောလုပ်ငန်းအဖြစ် ခံယူပြီးကာကွယ်ဆေးထိုးနှံခြင်းအကျိုးကျေးဇူးများကို  ပြည်သူလူထုက ပိုမိုသတိပြုမိလာစေရန် သက်ဆိုင် ရာတာဝန်ရှိသူများကကာကွယ်ဆေးထိုးလုပ်ငန်းများတွင်ပါဝင်ကူညီလာစေရန်အတွက် ရည်ရွယ်ပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” Documentary Story နှင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် “မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား တေးသီချင်းဗီဒီယို၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှုမှတ်တမ်းများနှင့် နိုင်ငံတကာရင်သွေးငယ်များ တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုနေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများတို့က စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)