ထားဝယ် ဧပြီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ဒေသန္တရစီမံကိန်းဥပဒေကို ရေးဆွဲရာတွင် တနင်္သာရီတိုင်းဒေသကြီး၏ လူမှု၊စီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်ပါကြောင်း၊ အဆိုပါစီမံကိန်း ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အမှန်တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး ပြည်သူများအတွက် လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်သောကြောင့် သာမန်လုပ်ငန်းစဉ်ဟု သဘောမထားဘဲ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းစဉ် အဖြစ်ခံယူဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်(နှစ်ကုန်ခန့်မှန်းခြေ)တွင် စွမ်းအင်ကဏ္ဍ၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍနှင့် ဆောက်လုပ်မှုကဏ္ဍတို့မှအပ ကျန်ကဏ္ဍများအားလုံး တိုးတက်မှုရရှိခဲ့၍ စီမံကိန်းရည်မှန်းချက်အပေါ် ၁ဝ၅.၄ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ကျပ် ၇,၇၆၇,၉၃၃.၀ သန်း ရရှိရန်ရည်မှန်းထားပြီး တိုးတက်မှုနှုန်းကို ၁.၂ ရာခိုင်နှုန်း တိုးတက်ရရှိရန်ရည်မှန်းထားကြောင်း၊ သို့ဖြစ်၍ တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ရည်မှန်းချက်ကို ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်နိုင်ရန် အဆိုပါကဏ္ဍများနှင့် ဆက်စပ်နေသည့် ဌာနဆိုင်ရာများအနေဖြင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့်ကိန်းဂဏန်း အချက်အလက်များ မှန်မှန်ကန်ကန်ရရှိရေးနှင့် ပေးအပ်လိုက်သည့် စီမံကိန်းတာဝန်များကိုပြည့်မီ ကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသနှင့်ပြည်သူများ၏ လိုအပ်ချက်များကို supply- side ဖက်မှဖြည့်ဆည်းပေးနေသလို ဖြည့်ဆည်းပေးလိုက်သည့် ကုန်ထုတ်စွမ်းအားစုများမှ ပြည်သူများအတွက် အကျိုးကျေးဇူးရရှိနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဖြစ်ပေါ်လာသည့် supply chain များတစ်လျှောက် value added ဖြစ်စေမည့် ထွက်ကုန်များကို ဖြစ်ပေါ်စေကာ တနင်္သာရီတိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများ (GDP) တိုးတက်ဖြစ်ပေါ်စေရန် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမောင်ကြီးက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးညွန့်က စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး ၊ စီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများနှင့် သက်ဆိုင်သော တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)