ဝန်းသို ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၏အဆုံး အောင်းပင်ကျေးရွာတွင် စိုက်ပျိုး ရေး ဧရိယာဧက (၂၀၀) ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းကို တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဖောက်လုပ်လျက်ရှိရာ ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်နှင့် တာဝန်ရှိသူများက အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်အိမွန် ဟိန်းအဖွဲ့တို့က လမ်းဖောက်လုပ်ရာ၌ စိမ့်ရေထွက်ရှိသည့်နေရာတွင် လိုအပ်နေသည့် ရေပြွန်/ ရေကျော်တို့ကို ကျေးရွာလူထုနှင့် ညှိနိူင်း ဆောင်ရွက်ပေးခြင်း၊ လမ်းဘေးဝဲ/ ယာတွင် ရေနုတ်မြောင်းများ ဖောက်လုပ်စေရေး၊ ၉ လက်မထုတင်မည့် ဂျင်းမြေ(သို့) ကျောက်ရော မြေတို့ကို သိပ်သည်းစွာဆောင်ရွက်ပေးနိုင်ရေး၊ လမ်းဖောက် ရာတွင်လိုအပ်နေသော မြေနေရာ အကျယ် အဝန်းရရှိရေးစသည့်လုပ်ငန်းတို့ကို ကုမ္ပဏီမှတာဝန်ရှိသူများ၊ ယာမြေပိုင်ရှင်များ၊ ကျေးရွာလမ်း ကော်မတီတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အောင်းပင်ကျေးရွာကုန်ထုတ်လမ်းကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှ တင်ဒါအောင်မြင်ငွေ ငွေကျပ် (၈၉.၈) သန်းဖြင့် ရွှေသိန်းမိသားစုဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ပြီး လမ်း အရှည်(၂)မိုင်၊ အကျယ်(၁၂)၊ ထု(၂ပေ၊ ၉လက်မ)ရှိ မြေသား+ဂျင်း အမျိုးအစား လမ်းဖြစ်သည်။ ယင်းကုန် ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက အိမ်ခြေ(၁၀၃)အိမ်၊ လူဦးရေ(၅၅၆) ဦးအတွက် သွားရေး/ လာရေး အဆင်ပြေ နိုင်သည့်အပြင် လယ်မြေနှင့် ယာမြေ ဧရိယာဧက (၂၀၀) ကျော်တို့အတွက် ထုတ်ကုန်သီးနှံများကို ဈေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်ရာတွင် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)