​​​​​​​ကျိုက်လတ်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ‌‌‌‌မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲ ကျင်းပ

ကျိုက်လတ် ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်နှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်မည့် အစီအမံများနှင့် မိမိရုံးအဆောက်အဦနှင့်အဆောက်အဦးပတ်ဝန်းကျင်သန့်ရှင်းရေး၊ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကြီးမှ မြို့နယ်အကြီးအကဲကြီးများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကြံပေးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ကျိုက်လတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ လက်တွဲဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်နှင့် ဒေါ်ဇင်ပပဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ကိုကို၊ ဦးဇော်ဝေထက်နှင့် ဦးစိန်မြင့်တို့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)