မုံရွာ ဧပြီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေကြောင်း တိုက်တွန်းအမှာစကား ပြောကြားသည်၊။
ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဌေးနှင့် မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြူကြူစိန်တို့က မိတ်ဆက်စကားများ ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်က လွှတ်တော်က ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော်ကိုယ်စားများက တစ်ဦးချင်း မိတ်ဆက်စကားများပြောကြားခဲ့ပြီး ဒေသအလိုက် တွေ့ကြုံရသည့်အခက်အခဲများကို ရှင်းလင်းဆွေးနွေးကြပြီး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး နောက်ဌာနဆိုင်ရာများအလိုက် ရက် (၁၀၀) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံချက်နှင့်ပတ်သက်၍ ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတင်ပြကြရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)