စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး တိုင်းဒေသကြီးအဆင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)အထိမ်းအမှတ်အခမ်းအနား တက်ရောက်  

မုံရွာ ဧပြီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)အထိမ်းအမှတ်အခမ်းအနားကို ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ်အသက်ပေါင်းများစွာအား ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခု ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်နေရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးပြည့်ဝမှုရှိစေရန် စွမ်းဆောင်ရည်မြှင့်တင်သင်တန်းများသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဒေသနှင့်လိုက်လျောညီထွေရှိသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများအား စနစ်တကျ အကောင်းအထည်ဖော်ဆောင်ရွက်ပြီး အရည်အသွေးပြည့်မီသည့် ကာကွယ်ဆေးများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအား အချိန်မီထိုးနှံတိုက်ကျွေးပေးသွားကြရန် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်အတူ မိခင်နှင့်ကလေးများအတွက် အခြားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်အကောင်းဆုံးဆုရမြို့နယ် ၃ မြို့နယ်အား ဆုတံဆိပ်များပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ “မျိုးဆက်တိုင်းကိုကာကွယ်ထား ကာကွယ်ဆေး၏စွမ်းပကား” Documentsry Story နှင့် (၂၀၂၆)ခုနှစ်၊ ကမ္ဘာ့ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် “မျိုးဆက်တိုင်းကိုကာကွယ်ထား ကာကွယ်ဆေး၏စွမ်းပကား” တေးသီချင်းဗီဒီယိုအား ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုသွားမည့် ဆက်စပ်ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် စိုက်ဧကများ ကိန်းဂဏန်းမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် သီးနှံများအားလုံး စိုက်ဧကမှန်ကန်ရေး ထွက်ရှိသည့်သီးနှံများ၏ ကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိစေရေး တို့အတွက် တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များမှ အလေးထားကာ ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် စိုက်ပျိုးသီးနှံများအားလုံး စိုက်ဧကနှင့်အထွက်နှုန်း ကိန်းဂဏန်း မှန်ကန်မှုရှိစေရေးတို့အတွက် မြေပြင်အထိကွင်းဆင်းကာ ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လည်းလိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် စိုက်ပျိုးသီးနှံများ ကိန်းဂဏန်းမှန်ကန်စေရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)