မကွေး ဧပြီ ၂၉
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ၂၀၂၆ ခုနှစ် (World Immunization Week) အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခဆရာဝန်ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့် မိခင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ ဆောင်ပုဒ်မှာ “မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” ဖြစ်ပြီးကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာ မရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုကို တားဆီးပေးနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် “မျိုးဆက်တိုင်းကို ကာကွယ်ထားကာကွယ်ဆေး၏စွမ်းပကား” Documentary Story နှင့် တေးသီချင်းဗီဒီယို့တို့အား ပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးနေမှုများကို ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)