မုံရွာမြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန် ပေးအပ်

မုံရွာ ဧပြီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန် ပေးအပ်ပွဲအခမ်းအနားကို မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၂) နာရီက ကျင်းပသည်။

ရှေးဦးစွာ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်က စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး ကဏ္ဍအလိုက် ဘက်စုံတိုးတက်စေဖို့၊ ပြည်သူအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမှာဖြစ်သည့်အတွက် နိုင်ငံပိုင်ရင်းနီးမြှပ်နှံမှု လုပ်ငန်းတွေမှာ ပြည်သူများ ထင်သာမြင်သာရှိစေရေးနှင့် အဓိကလိုအပ်ချက်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် အချိန်နှင့်တပြေးညီ ပြီးစီးအောင် ထိထိရောက်ရောက် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း အမှာစကားပြောကြားပြီး၊ ခရိုင်စီမံကိန်းဦးစီးရုံးမှ ခရိုင်စီမံကိန်းဦးစီးမှူး ဦးအေးလွင်က မုံရွာခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်၊ မုံရွာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်တာဝန်ရှိသူများက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)