မြိတ် ဧပြီ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွား သင်တန်းကျောင်း၌ ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူများအား ဦးဆောင်းအပ်နှင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ သင်တန်းကျောင်း ပုလဲဧကရီခန်းမတွင် ကျင်းပသည်။
သင်တန်းသူများအား အပ်နှင်းသည့် ဦးဆောင်းဆိုသည်မှာ သူနာပြု/သားဖွားလောက၏ အဆောင်အယောင် အမှတ်လက္ခဏာ တစ်ခုဖြစ်ကြောင်း၊ ဦးဆောင်းကို လက်ခံရရှိသည့် သင်တန်းသူများသည် သားဖွား အတတ်ပညာနှင့် ပတ်သက်သည်များကို သိသင့်သောအခြေခံဗဟုသုတများနှင့် သားဖွားဆရာမတစ်ယောက်တွင် ရှိရမည့် မှန်ကန်သည့်ခံယူချက် သဘောတရားများကို လေ့လာဆည်းပူးခဲ့ပြီးဖြစ်ကာ သင်ကြားမှု၊ လေ့ကျင့်မှုများ ခံယူပြီး စာမေးပွဲဖြေဆိုအောင်မြင်၍ သားဖွားဆရာမ ဖြစ်ထိုက်သူများအဖြစ် သတ်မှတ်ခြင်းခံရသူများကိုသာ ဦးဆောင်းပေးအပ်ခြင်းဖြစ်ကြောင်း သင်တန်းကျောင်းမှ သိရသည်။
ဦးဆောင်းအပ်နှင်းပွဲ၌ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးဦး က အဖွင့် အမှာ စကားပြောကြားပြီး သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုမော် က ဦးဆောင်းပေးအပ်ခြင်း၏ အနက် အဓိပ္ပါယ်အား ရှင်းလင်းပြောကြားသည်။ ထိုနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဘက်စုံသားဖွား ဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူ(၅၇)ဦးအား ကျောင်းအုပ်၊ သူနာပြုအုပ်နှင့် တာဝန်ခံ သူနာပြု ဆရာမကြီးများမှ ဦးဆောင်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ သင်တန်းသူများက လက်ဆင့်ကမ်း ဆီမီးတိုင်များကို ထွန်းညှိ၍ သူနာပြု သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြကာ ပထမနှစ်ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများမှ “ ဂရုဏာအလင်း ” သီချင်းဖြင့် သီဆိုဂုဏ်ပြု ၍ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဒုတိယနှစ် ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများမှ “ ပြည်သူချစ်တဲ့ သားဖွားဆရာမများ ” သီချင်းဖြင့် သီဆိုဂုဏ်ပြုကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )