ထားဝယ် ဧပြီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ဒေသန္တရ စီမံကိန်းဥပဒေကိုရေးဆွဲရာတွင် တနင်္သာရီတိုင်းဒေသကြီး၏ လူမှု၊စီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ ကိုဗဟိုပြု၍အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်ပါကြောင်း၊ အဆိုပါစီမံကိန်း ရည်မှန်းချက်များ ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အမှန်တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး ပြည်သူများ အတွက်လက်ငင်းအကျိုးရှိစေမည့်လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်သောကြောင့် သာမန်လုပ်ငန်းစဉ်ဟု သဘောမထားဘဲ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းစဉ် အဖြစ်ခံယူဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်(နှစ်ကုန်ခန့်မှန်းခြေ)တွင်စွမ်းအင်ကဏ္ဍ၊ သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍနှင့် ဆောက်လုပ်မှုကဏ္ဍတို့မှအပ ကျန်ကဏ္ဍများအားလုံး တိုးတက်မှုရရှိခဲ့၍ စီမံကိန်းရည်မှန်းချက် အပေါ် ၁ဝ၅.၄ ရာခိုင်နှုန်းအကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ကျပ် ၇,၇၆၇,၉၃၃.၀ သန်း ရရှိရန်ရည်မှန်းထားပြီး တိုးတက်မှုနှုန်းကို ၁.၂ ရာခိုင်နှုန်း တိုးတက်ရရှိရန်ရည်မှန်း ထားကြောင်း၊ သို့ဖြစ်၍ တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ရည်မှန်းချက်ကို ပြည့်မီကျော်လွန် အောင်အကောင်အထည်ဖော်နိုင်ရန်အဆိုပါကဏ္ဍများနှင့်ဆက်စပ်နေသည့် ဌာနဆိုင်ရာများအနေဖြင့်မြေပြင်တွင် ဖြစ်ပေါ်နေ သည့်ကိန်းဂဏန်း အချက်အလက်များမှန်မှန်ကန်ကန် ရရှိရေးနှင့် ပေးအပ်လိုက်သည့်စီမံကိန်းတာဝန်များကို ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသနှင့် ပြည်သူများ၏လိုအပ်ချက်များကို supply-side ဖက်မှဖြည့်ဆည်းပေးနေသလိုဖြည့်ဆည်းပေးလိုက်သည့် ကုန်ထုတ်စွမ်းအားစုများမှ ပြည်သူများအတွက် အကျိုးကျေးဇူးရရှိနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဖြစ်ပေါ်လာသည့် supply chain များတစ်လျှောက် value added ဖြစ်စေမည့် ထွက်ကုန်များကို ဖြစ်ပေါ်စေကာ တနင်္သာရီတိုင်းဒေသကြီး၏ ကုန်ထုတ် လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးများ (GDP) တိုးတက်ဖြစ်ပေါ်စေရန် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမောင်ကြီးက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေး နှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင်တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးညွန့်က စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး ၊ စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများနှင့် သက်ဆိုင်သော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)