ကျွန်းစု ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တပ်မတော်(ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)ကို ရက်သတ္တပတ်(၄)ပတ်ကြာ ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တနင်္သာရီခန်းမ၌ ကျင်းပသည်။
ဦးစွာ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်အောင်နိုင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
သင်တန်းကို ဧပြီ ၂၇ ရက်မှ မေ ၂၉ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် အခြေခံစစ်ရေးပြ၊ အခြေခံရေကူး၊ ရေကြောင်းဝေါဟာရများအကြောင်း၊ ရေတိုင်းကြိုးအမျိုးအစားများ၊ ကြိုးနှင့်ကြိုးအသုံးပြုပုံများ၊ ရေယာဉ်မောင်းနှင်မှု ဆိုင်ရာများ၊ ရေကြောင်းလမ်းညွှန် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အချက်ပြဆက်သွယ်ရေး၊ မြန်မာ့လက်ရိုက်အလံအချက်ပြ မူတည်ဥပဒေသများ၊ အခြေခံလှေလှော်ရွက်တိုက်တွင် လှော်ခတ်နည်းစနစ်များ၊ လှေပေါ်တွင် လှော်ခတ်နည်းစနစ်များ၊ ရွက်လွှင့်ပုံအဆင့်ဆင့်များ စသည့်တို့အား သင်တန်းသား ၂၇ ဦး၊ သင်တန်းသူ ၂၃ ဦး၊ စုစုပေါင်း ၅၀ တို့ကို သင်တန်းနည်းပြ(၈)ဦး က စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)