ထားဝယ် ဧပြီ ၂၈
"မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား” "For Every Generation, Vaccines Work"ဆောင်ပုဒ်နှင့်အညီ (၂၀၂၆) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် "World Immunization Week(2026) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး က ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ဧပြီလ နောက်ဆုံး ရက်သတ္တပတ်ကိုကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီးအထိမ်း အမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများနည်းတူကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ်အခမ်းအနား ဆောင်ရွက်ရသည့် အဓိကရည်ရွယ်ချက်အနေဖြင့် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေးပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုမှ တားဆီးပေးနိုင်ကြောင်း၊ အသိပညာမြှင့်တင်ရန်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ် အသက် ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်သောကြောင့် ကမ္ဘာတစ်လွှားကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ဖြစ်သော “လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊လူတိုင်းရောဂါဘယကင်းရှင်းရေး”ကို ဖော်ဆောင်ရာမှာ အထောက်အကူ ဖြစ်စေကြောင်း၊ ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်ခက်ခဲသောဒေသများရှိ ကလေးငယ်များနှင့်ကိုယ်ဝန် ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းများဆောင်ရွက်ရန် အဆင်သင့် ဖြစ်စေရေးအတွက် ကျန်းမာရေးမှူး -၄ များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းလမ်းညွှန် သင်တန်းကိုတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သင်တန်းပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးမှူး-၄ များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် သားဖွားဆရာမများ လစ်လပ်သော နေရာများနှင့် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သည့် နေရာများတွင် ကာကွယ်ဆေးထိုးပေးသူများအဖြစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုတိုးတက်လာရန်အတွက် ပြည်သူလူထုက ကာကွယ်ဆေးများ အပေါ်ယုံကြည်အားကိုးမှု ပိုမိုတိုးပွားလာပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေးဟာ မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင် သောလုပ်ငန်းအဖြစ် ခံယူပြီးကာကွယ်ဆေးထိုးနှံခြင်းအကျိုးကျေးဇူးများကို ပြည်သူလူထုက ပိုမိုသတိပြုမိလာစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပါဝင်ကူညီလာစေရန်အတွက် ရည်ရွယ်ပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်“မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား”Documentary Story နှင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ကာကွယ်ဆေး၏ စွမ်းပကား” တေးသီချင်း ဗီဒီယို၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေမှုမှတ်တမ်းများနှင့်“နိုင်ငံတကာရင်သွေးငယ်များ” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)