ထားဝယ် ဧပြီ ၂၈
တနင်္သာရီတိုင်းဒေသကြီးလူရည်ချွန်ကျောင်းသား၊ကျောင်းသူများနှင့်ကြီးကြပ်ဆရာ၊ဆရာမများ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက နိုင်ငံတော်အတွက် နောင်တစ်ချိန်တွင် ပုခုံးပြောင်း တာဝန်ယူထမ်းဆောင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးဖြစ်ထွန်းလာစေရေးအတွက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်သော အစီအစဉ်များအနက် ပညာရည်ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်ကာ ကျန်းမာကြံ့ခိုင်သန်စွမ်းသော ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းရေးအတွက် ရည်ရွယ်ပြီး လူရည်ချွန် စီမံကိန်းကို ၁၉၆၄ ခုနှစ်မှစပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လူရည်ချွန်ရွေးချယ်ရေးလုပ်ငန်းများကို ကျောင်းအဆင့်၊ မြို့နယ်အဆင့် ၊ ခရိုင်အဆင့်ရွေးချယ်ခဲ့ပြီး ထားဝယ်တက္ကသိုလ်မှ (၂)ဦး၊ ထားဝယ် Polytechnicမှ(၁)ဦး၊ ထားဝယ်ပညာရေး ဒီဂရီကောလိပ်မှ(၂)ဦး၊မြိတ်တက္ကသိုလ်မှ (၂)ဦး၊မြိတ်Polytechnicမှ (၂)ဦး၊ အခြေခံပညာ အတန်း အသီးသီးမှ စုစုပေါင်း ကျောင်းသား ကျောင်းသူ(၂၁)ဦးနှင့် ကြီးကြပ်သူဆရာ၊ ဆရာမ(၇)ဦး၊စုစုပေါင်း(၃၇)ဦးတို့သည် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်လူရည်ချွန်စုရပ်စခန်းအသီးသီးသို့ မေလ(၁)ရက်နေ့မှ မေလ(၁၀)ရက်နေ့အထိ လေ့လာရေးခရီးသွားကြရမည်ဖြစ်ကြောင်း၊ လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်လေ့လာပြီးတိုင်းရင်းသားလူငယ်များ အချင်းချင်းတစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားရန်၊ အတူယှဉ်တွဲစုပေါင်းနေထိုင်ရန်၊ ဒေသန္တရဗဟုသုတများရရှိလာရန်အတွက် လိုက်နာဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူအားလုံး၏စံနမူနာပြ လူရည်ချွန်များအဖြစ် ဆက်လက်ကြိုးစားကြရန် လိုအပ်ကြောင်း၊ ၂၀၂၆ ခုနှစ် လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော မောင်/မယ်များအနေဖြင့်တနင်္သာရီတိုင်းဒေသကြီး ဂုဏ်ဆောင်၊ မိမိတို့မြို့နယ် ဂုဏ်ဆောင်၊ မိမိတို့ကျောင်းဂုဏ်ဆောင်၊ မိမိတို့မိဘများအတွက် ဂုဏ်ဆောင်သောသားသမီး များအဖြစ် ခံယူစိတ်ဖြင့် ကြိုးစားကြရန်၊ စည်းကမ်းကို အလေးထားလိုက်နာနေထိုင်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြီးကြပ်ဆရာ၊ဆရာမတစ်ဦးလျှင် ၃ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၁)သိန်း၊ လူရည်ချွန်ကျောင်းသား၊ကျောင်းသူ တစ်ဦးလျှင် ၃ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း(၉၀)အား ပေးအပ်ချီးမြှင့်ပြီး လူရည်ချွန် ကျောင်းသား၊ကျောင်းသူများကိုယ်စား သုံးထပ်ကွမ်းလူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)